ပထမအကြိမ် အလှူပြုလုပ်ခဲ့သော သုခရိမ်မြုံဂေဟာ အကြောင်း

အဝေးရောက်မြန်မာလူငယ်များအဖွဲ့မှ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော အလှူနေရာအကြောင်းလေးအား အွန်လိုင်းပေါ်မှ သူငယ်ချင်းများ သိရှိနိုင်ရန်နှင့် သွားရောက်လှူဒါန်းလိုစိတ်ဖြစ်ပေါ်စေရန် မျှဝေပေးလိုက်ပါတယ်။

အဝေးရောက်မြန်မာလူငယ်များ အဖွဲ့မှ ပထမဆုံးအကြိမ်အလှူကို
သုခရိပ်မြုံ AIDS ကလေးပြုစုရေးဂေဟာ
အမှတ် (၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊ (၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရန်ကုန်မြို့။
တွင် သွားရောက်ပြုလုပ်ပြီးဖြစ်ပါတယ်။

အဖွဲ့မှ ထိုနေရာတွင် တစ်နေ့လုံးစာ (မနက်စာ+နေ့လည်စာ+ညစာ+ဖြည့်စွက်စာ ၂ကြိမ်) = တစ်သိန်းကျပ် ကို ၂၄.၀၉.၂၀၁၂ တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

သုခရိပ်မြုံဂေဟာတွင် အသက် ၁ နှစ်မှ ၁၂ နှစ်အရွယ်ရှိ ကလေးများကို လက်ခံလျက်ရှိပြီး အထူးသဖြင့် မိဘ နှစ်ဦးစလုံးမရှိတော့သော HIV ပိုး ရှိနေသူကလေးများ၊ မိဘ တဦးဦး ရှိနေသော်လည်း ဝေဒနာခံစားနေရသဖြင့် ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသော HIV ပိုးရှိသည့် ကလေးများနှင့် အခြားသော အခြေအနေအရပ်ရပ်ကို ထောက်ရှုကာ ပြုစုပျိုးထောင်ရန်လိုအပ်သည့် မိဘမဲ့မဟုတ်သည့် HIV ပိုးရှိသည့် ကလေးများကို လက်ခံထားသည်။ လက်ရှိအချိန်တွင် သုခရိပ်မြုံ၌ ကလေးငယ် ၉၀ ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။
သုခရိပ်မြုံတွင် အုပ်ချုပ်ရေးမှူး၊ အဆောင်မှူး၊ စာသင်သည့်ဆရာမများနှင့် ကလေးပြုစု စောင့်ရှောက်သူများရှိပြီး မိသားစုပုံစံ နွေးထွေးစွာ မေတ္တာဖြင့် စောင့်ရှောက်ပေးကြောင်း သိရသည်။ ကလေးငယ်များတွေကို ပါကေးခင်းထားသော ကြမ်းပြင်တွင် အိပ်ရာများဖြင့် သိပ်ပြီး ကလေးကြီးများကို ခုတင်ဖြင့် အိပ်စေကြောင်း သိရသည်။
အဆောင်တစ်ဆောင်တွင် ၎င်းတို့အား ပြုစုပေးမည့်သူ (သူနာပြု၊ ကလေးထိန်း) ၃ ယောက်ခန့် ထားရှိပေးထားပြီး ကလေးများအား ပြုစုစောင့်ရှောက်ပေးသူများ၊ နေ့ရောညပါ အတူနေသူများကို ကလေးပြုစုစောင့်ရှောက်မှု၊ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးသင်တန်းများ မကြာခဏ ပြုလုပ်သင်ကြားပို့ချပေးလျက်ရှိသည်။
ကလေးများ၏ ကျန်းမာရေးကိုလည်း ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အခါမလပ် စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အဖွဲ့ဝင် ဆရာဝန်များနှင့် နိုင်ငံတော်ပိုင် ဆေးရုံများဖြစ်သော ဝေဘာဂီ ကူးစက်ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) တို့အပြင် AZG က ဖွင့်ထားသည့် သဇင်ဆေးခန်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းများမှ ဆရာဝန်များက အခမဲ့ ကြည့်ရှုပေးလျက်ရှိသည်။ ကလေးများအတွက် ART ဆေး (HIV ပိုးပွားများမှု ဟန့်တားသည့်ဆေး) ပေးရန် လိုအပ်လာလျှင် အထက်ဖော်ပြပါဆေးရုံ၊ ဆေးခန်းများက ပေးကြောင်း သိရသည်။
သုခရိပ်မြုံရှိ ကလေးငယ်များ အသက် ၁၈ နှစ် ကျော်ပါက Group Home များလုပ်ကာ သီးခြားခွဲထားရန် စီစဉ်ထားပြီး ၎င်းတို့ဘ၀တလျောက်လုံး ပညာရေး ကျန်းမာရေး နှင့် ၀ါသနာပါရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းမှုများကို လိုအပ်သလိုထိန်းကျောင်းပြီး ကလေးငယ်များ၏ အနာဂတ်အတွက် အကောင်းဆုံးတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။